မိမိတွေ့မြင်ရသည့်ဗျာဒိတ်ရူပါရုံများကိုဒံယေလဖော်ပြခြင်း  
 7
(၇:၁-၁၂:၁၃)  
ဗျာဒိတ်ရူပါရုံတွင်သားရဲကြီးလေးကောင်ကိုဒံယေလမြင်ရခြင်း 
  1 ဗာဗုလုန်ရှင်ဘုရင်၊ ဗေလရှာဇာမင်းနန်းစံပထမနှစ်၌ ငါသည်ညဥ့်အခါအိပ်မက်တွင်ဗျာဒိတ်ရူပါရုံတစ်ခုကိုမြင်ရ၏။ ထိုအိပ်မက်၏အကြောင်းကိုငါသည်ဤသို့မှတ်တမ်းရေးထားသတည်း။   
 2 လေတို့သည်အရပ်လေးမျက်နှာမှတိုက်ခတ်သဖြင့် သမုဒ္ဒရာရေပြင်တွင်ပြင်းစွာလှိုင်းတံပိုးထလေ၏။-   3 ထိုအခါပုံသဏ္ဌာန်ချင်းမတူသောသားရဲကြီးလေးကောင်တို့သည်သမုဒ္ဒရာထဲမှထွက်ပေါ်လာ၏။-✡ဗျာ၊ ၁၃:၁။ ၁၇:၈။   4 ပထမသားရဲသည်ခြင်္သေ့နှင့်တူ၍လင်းယုန်ကဲ့သို့အတောင်များရှိ၏။ ငါသည်ကြည့်ရှုနေစဉ်ထိုသားရဲသည်အတောင်များပြုတ်၍သွားပြီးလျှင် မြေပေါ်သို့မြောက်တက်ကာလူကဲ့သို့မတ်တတ်ရပ်လျက်နေ၏။ ထိုနောက်သူသည်လူ့စိတ်ကိုရလေသည်။   
 5 ငါသည်ဒုတိယသားရဲကိုမြင်ရ၏။ ထိုသားရဲသည်နောက်ခြေနှစ်ချောင်းဖြင့်ရပ်လျက်နေသောဝက်ဝံနှင့်တူ၏။ သူ၏ပါးစပ်တွင်နံရိုးသုံးချောင်းကိုကိုက်၍ထား၏။ အသံတစ်ခုကသူ့အား``အသားကိုဝအောင်စားလော့'' ဟုဆို၏။   
 6 ငါသည်ဆက်လက်၍ကြည့်ရှုနေစဉ်အခြားသားရဲတစ်ကောင်ကိုမြင်ရ၏။ ထိုသားရဲသည်ကျားသစ်နှင့်တူ၏။ သူ၏ကျောပေါ်တွင်ငှက်တောင်ပံများနှင့်တူသောအတောင်လေးခုရှိ၏။ သူ့မှာဦးခေါင်းလေးလုံးရှိ၏။ သူသည်တန်ခိုးအာဏာရှိပုံရ၏။✡ဗျာ၊ ၁၃:၂။   
 7 ငါသည်ကြည့်ရှုနေစဉ်စတုတ္ထသားရဲကိုမြင်ရ၏။ ထိုသားရဲသည်ခွန်အားကြီး၍ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း၏။ သူ၏သွားကြီးများဖြင့်ရန်သူတို့ကိုကိုက်ဝါးကာခြေဖြင့်နင်းချေ၏။ ဤသားရဲသည်အခြားသားရဲများနှင့်မတူချေ။ သူ့မှာဦးချိုဆယ်ချောင်းရှိ၏။-✡ဗျာ၊ ၁၂:၃၊ ၁၃:၁။   8 ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။✡ဗျာ၊ ၁၃:၅-၆။   
ထာဝစဉ်အသက်ရှင်တော်မူသောအရှင်ကိုဖူးမြင်ရခြင်း 
  9 ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-✡ဗျာ၊ ၂၀:၄၊ ၁:၁၄။   10 ထိုပလ္လင်တော်မှမြစ်သဖွယ်မီးရောင်ခြည်ထွက်လျက်နေ၏။ ထိုအရပ်တွင်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်သူထောင်ပေါင်းများစွာရှိ၏။ ရှေ့တော်တွင်ရပ်လျက်ခစားနေသူလည်းသန်းပေါင်းများစွာရှိပေသည်။ တရားစီရင်တော်မူချိန်စတော့မည်ဖြစ်သဖြင့်စာစောင်များဖွင့်ထားလျက်ရှိ၏။✡ဗျာ၊ ၁၅:၁၁၊ ၂၀:၁၂။   
 11 ငါသည်ကြည့်ရှုလျက်နေစဉ်ဦးချိုငယ်သည်ကြွားဝါလျက်ပင်ရှိနေသေး၏။ ထိုအချိန်၌စတုတ္ထသားရဲသည်အသတ်ခံရ၍သူ၏ကိုယ်ခန္ဓာသည်မီးရှို့၍ဖျက်ဆီးခြင်းကိုခံရလေသည်။-   12 အခြားသားရဲတို့သည်မိမိတို့၏တန်ခိုးအာဏာများရုပ်သိမ်းခြင်းခံကြရသော်လည်း အချိန်အကန့်အသတ်နှင့်ဆက်လက်၍အသက်ရှင်ခွင့်ရရှိကြလေသည်။   
 13 ညဥ့်အခါထိုရူပါရုံတွင်ငါသည်လူသားနှင့်တူသူတစ်ဦးကိုမြင်ရ၏။ သူသည်မိုးတိမ်ခြံရံကာငါ့ထံသို့ချဉ်းကပ်လာ၏။ ထိုနောက်ထာဝစဉ်အသက်ရှင်တော်မူသောအရှင်၏ထံတော်သို့ရောက်ရှိသွားသဖြင့်သူသည်ကိုယ်တော်၏ရှေ့တော်သို့ဝင်ခွင့်ရလေသည်။-✡မ၊ ၂၄:၃၀၊ ၂၆:၆၄။ မာ၊ ၁၃:၂၆၊ ၄:၆၂။ လု၊ ၂၁:၂၇။ ဗျာ၊ ၁:၇၊ ၁၃၊ ၁၄:၁၄။   14 ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။✡ဗျာ၊ ၁၁:၁၅။   
ဗျာဒိတ်ရူပါရုံများ၏အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြခြင်း 
  15 ငါမြင်ရသောဗျာဒိတ်ရူပါရုံများကြောင့် ငါသည်ထိတ်လန့်၍လာသဖြင့်စိတ်ချောက်ချားကာ၊-   16 ထိုနေရာတွင်ရပ်နေသူတစ်ဦးထံသို့သွား၍ ထိုအရာတို့၏အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်းရာထိုသူကငါ့အားရှင်းပြလေသည်။-   17 ထိုသူက``ထိုသားရဲကြီးလေးကောင်သည်ကမ္ဘာမြေကြီးပေါ်တွင်ပေါ်ပေါက်လာမည့်အင်ပါယာနိုင်ငံလေးခုဖြစ်၏။-   18 သို့သော်လည်းအမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်သည် ရာဇတန်ခိုးအာဏာကိုခံယူရရှိကာကမ္ဘာအဆက်ဆက်ထိန်းသိမ်းကြလိမ့်မည်'' ဟုရှင်းပြလေသည်။✡ဗျာ၊ ၂၂:၅။   
 19 ထိုနောက်ငါသည်အခြားသားရဲများနှင့်မတူတမူထူးခြားလျက်ကြေးဝါလက်သည်းများနှင့်သံသွားများဖြင့် ရန်သူကိုကိုက်စားနင်းချေတတ်သောစတုတ္ထသားရဲ၏အကြောင်းကိုသိလို၏။-   20 ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။   
 21 ငါသည်ကြည့်ရှုနေစဉ်ဦးချိုငယ်သည်ဘုရားသခင်၏လူမျိုးတော်တို့အား စတင်တိုက်ခိုက်၍နိုင်လေ၏။-✡ဗျာ၊ ၁၃:၇။   22 ထိုအခါထာဝစဉ်အသက်ရှင်တော်မူသောအရှင်သည်ရောက်ရှိလာလျက် အမြင့်မြတ်ဆုံးသောဘုရားသခင်၏သန့်ရှင်းသူများဘက်မှ တရားစီရင်ချက်ချမှတ်တော်မူ၏။ ရာဇဝတ်တန်ခိုးအာဏာကိုဘုရားသခင်၏လူမျိုးတော် ခံယူရရှိမည့်အချိန်ကားကျရောက်လာလေပြီ။✡ဗျာ၊ ၂၀:၄။   
 23 ထိုသူက``စတုတ္ထသားရဲသည်ကမ္ဘာမြေပေါ်တွင်ပေါ်ပေါက်လာမည့်စတုတ္ထမြောက်အင်ပါယာနိုင်ငံဖြစ်၍အခြားနိုင်ငံအပေါင်းနှင့်ကွာခြားလိမ့်မည်။ ယင်းသည်ကမ္ဘာမြေတစ်ဝန်းလုံးကိုဝါးမြိုကာခြေဖြင့်နင်း၍ချေမှုန်းလိမ့်မည်။-   24 ဦးချိုဆယ်ချောင်းမှာထိုနိုင်ငံတွင်ပေါ်ပေါက်လာမည့်ဘုရင်ဆယ်ပါးဖြစ်၏။ ထိုနောက်အခြားဘုရင်တစ်ပါးပေါ်လာလိမ့်မည်။ သူသည်ယခင်ဘုရင်များနှင့်ကွာခြားသူဖြစ်လိမ့်မည်။ ဘုရင်သုံးပါးကိုလည်းနှိမ်နင်းလိမ့်မည်။-✡ဗျာ၊ ၁၇:၁၂။   25 သူသည်အမြင့်မြတ်ဆုံးသောဘုရားသခင်ကိုဆန့်ကျင်ပြောဆိုလျက် ကိုယ်တော်၏လူမျိုးတော်တို့ကိုနှိပ်စက်ညှဉ်းဆဲလိမ့်မည်။ သူသည်လူမျိုးတော်တို့၏ဘာသာရေးဆိုင်ရာတရားဋ္ဌမ္မများနှင့်ပွဲလမ်းသဘင်များကိုပြောင်းလဲစေရန် ကြိုးစားလိမ့်မည်။ ဘုရားသခင်၏လူမျိုးတော်သည်လည်း သူ၏အာဏာစက်အောက်တွင်သုံးနှစ်ခွဲမျှနေကြရလိမ့်မည်။-✡ဗျာ၊ ၁၂:၁၄။ ၁၃:၅-၆။   26 ထိုနောက်ကောင်းကင်ရုံးတော်မှတရားစီရင်ချက်ချမှတ်ကာ သူ၏တန်ခိုးအာဏာကိုရုတ်သိမ်း၍သူ့အားလုံးဝသုတ်သင်ပယ်ရှားလိမ့်မည်။-   27 အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။✡ဗျာ၊ ၂၀:၄၊ ၂၂:၅။   
 28 ငါ၏အိပ်မက်နှင့်သက်ဆိုင်သောအကြောင်းအရာများကားဤတွင်ပြီးသတည်း။ ငါသည်လွန်စွာထိတ်လန့်သဖြင့်မျက်နှာညှိုးငယ်၍သွား၏။ ဤအကြောင်းအရာအလုံးစုံကိုစိတ်တွင်မှတ်ကျုံးထား၏။   
✡7:3 ဗျာ၊ ၁၃:၁။ ၁၇:၈။
✡7:6 ဗျာ၊ ၁၃:၂။
✡7:7 ဗျာ၊ ၁၂:၃၊ ၁၃:၁။
✡7:8 ဗျာ၊ ၁၃:၅-၆။
✡7:9 ဗျာ၊ ၂၀:၄၊ ၁:၁၄။
✡7:10 ဗျာ၊ ၁၅:၁၁၊ ၂၀:၁၂။
✡7:13 မ၊ ၂၄:၃၀၊ ၂၆:၆၄။ မာ၊ ၁၃:၂၆၊ ၄:၆၂။ လု၊ ၂၁:၂၇။ ဗျာ၊ ၁:၇၊ ၁၃၊ ၁၄:၁၄။
✡7:14 ဗျာ၊ ၁၁:၁၅။
✡7:18 ဗျာ၊ ၂၂:၅။
✡7:21 ဗျာ၊ ၁၃:၇။
✡7:22 ဗျာ၊ ၂၀:၄။
✡7:24 ဗျာ၊ ၁၇:၁၂။
✡7:25 ဗျာ၊ ၁၂:၁၄။ ၁၃:၅-၆။
✡7:27 ဗျာ၊ ၂၀:၄၊ ၂၂:၅။