31
အီဂျစ်ပြည်ကိုအာရစ်ပင်နှင့်နှိုင်းယှဉ်ခြင်း 
  1 ငါတို့ပြည်နှင်ဒဏ်ခံသော တစ်ဆယ့်တစ်နှစ် မြောက်၊ တတိယလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-   2 ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ  
သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။  
သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။   
 3 အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။  
ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍  
ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။   
 4 ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။  
မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။  
ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင်  
သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။   
 5 အာရစ်ပင်သည်ရေအလုံအလောက်ရရှိ သဖြင့် အခြားသစ်ပင်များထက်ပိုမိုမြင့်မား၏။  
အကိုင်းအခက်များသည်လည်းရှည်လျား၏။   
 6 ထိုအကိုင်းအခက်များတွင်ငှက်အမျိုးမျိုး တို့ အသိုက်လုပ်ကြ၏။  
တောတိရစ္ဆာန်များကသစ်ပင်အောက်တွင် သားဖွားကြ၏။  
ကမ္ဘာပေါ်ရှိလူမျိုးတကာတို့သည်လည်း ထိုအပင်၏အရိပ်တွင်နားနေကြ၏။   
 7 ထိုအာရစ်ပင်သည်လွန်စွာလှပတင့်တယ်၏။  
ရှည်လျားသောအကိုင်းအခက်များရှိ၍ အလွန်မြင့်မား၏။  
ယင်း၏အမြစ်တို့သည်လည်းမြေအောက်  
စမ်းချောင်းများတိုင်အောင်ထိုးဆင်းသွားကြ၏။   
 8 ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။  
အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။  
အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။  
ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။✡က၊ ၂:၉။   
 9 ငါသည်ထိုအပင်ကိုဝေဆာသော အကိုင်းအခက်များဖြင့်  
လှပတင့်တယ်အောင်ပြုလုပ်ထားသဖြင့်  
ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော် မှ သစ်ပင်တကာတို့ကပင်မနာလိုဖြစ် ကြ၏။''   
 10 ``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-   11 ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။-   12 ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-   13 ငှက်တို့သည်လာ၍လဲနေသောအပင်တွင် နားကြလိမ့်မည်။ တောရဲတိရစ္ဆာန်တို့သည် ယင်း၏အကိုင်းအခက်များကိုကျော်နင်း ကြလိမ့်မည်။-   14 သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။   
 15 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။-   16 ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။-   17 ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။   
 18 အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။