24
ဣဇာက်အတွက်မယားရှာပေးခြင်း
1 ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။- 2 သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။- 3 သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။- 4 သင်သည်ငါမွေးရာဇာတိပြည်သို့ပြန်သွား၍ ငါ၏အမျိုးသားချင်းတို့ထဲမှငါ၏သား ဣဇာက်အတွက်မယားရှာခဲ့ရမည်'' ဟုဆို လေ၏။
5 ထိုအခါအစေခံက``အမျိုးသမီးသည်သူ၏ အိမ်ရာကိုစွန့်၍ဤပြည်သို့ ကျွန်တော်နှင့်အတူ မလိုက်လိုဟုဆိုလျှင်မည်သို့ပြုလုပ်ရပါမည် နည်း။ ကိုယ်တော်၏သားကိုကိုယ်တော်၏ဇာတိ ပြည်သို့ကျွန်တော်ခေါ်ဆောင်သွားရပါမည် လော'' ဟုမေးလေ၏။
6 အာဗြဟံကလည်း``ထိုပြည်သို့ငါ့သားကို သင်ခေါ်၍မသွားရ။- 7 ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။- 8 အကယ်၍အမျိုးသမီးကသင်နှင့်အတူမလိုက် လိုပါကသင်ထားသောကတိသစ္စာသည်ပျက်ပြယ် စေ။ သို့ရာတွင်မည်သည့်အကြောင်းကြောင့်မဆို ငါ့သားကိုထိုပြည်သို့ခေါ်ဆောင်၍မသွားရ'' ဟုဆို၏။- 9 ထို့ကြောင့်အာဗြဟံ၏အစေခံသည်မိမိ သခင်၏ပေါင်အောက်တွင် လက်ကိုထား၍ ခိုင်းစေသမျှအတိုင်းပြုလုပ်ပါမည်ဟု ကတိသစ္စာဆိုလေ၏။
10 အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။- 11 ထိုအရပ်သို့ရောက်သော်သူသည်မြို့ပြင်ရှိ ရေတွင်းအနီးတွင် ကုလားအုတ်များကိုဝပ် ချစေ၏။ ထိုအချိန်သည်ကားမြို့တွင်းမှအမျိုး သမီးများထွက်၍ရေခပ်ရန်လာသောညနေ ချမ်းအချိန်ဖြစ်သတည်း။- 12 သူက``အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာခဲ့ရသည့် ကိစ္စထမြောက်အောင်မြင်စေတော်မူပါ။ အကျွန်ုပ် ၏သခင်အားထားသောကတိတော်အတိုင်းပြု တော်မူပါ။- 13 အကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။- 14 သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။
15 သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။- 16 သူသည်အလွန်ရုပ်ရည်လှသောပျိုကညာဖြစ် ၏။ သူသည်ရေတွင်းသို့ဆင်း၍ရေခရား၌ရေ ဖြည့်ပြီးလျှင်ပြန်တက်လာသည်။- 17 ထိုအစေခံသည်မိန်းမပျိုထံသို့ပြေးသွား လျက်``သင်၏ခရားမှကျေးဇူးပြု၍ရေ တစ်ပေါက်သောက်ရန်ပေးပါ'' ဟုတောင်း လေ၏။
18 မိန်းမပျိုက``အရှင်သောက်ပါ'' ဟုဆို၍ပခုံး ပေါ်မှခရားကိုအလျင်အမြန်ချလျက်သူ့ အားပေးလေသည်။- 19 သူ့အားရေတိုက်ပြီးသောအခါမိန်းမပျိုက``သင် ၏ကုလားအုတ်များရေဝအောင်သောက်နိုင်ရန် ကျွန်မရေခပ်ပေးပါဦးမည်'' ဟုဆိုလေသည်။- 20 မိန်းမပျိုသည်ခရားထဲ၌ရှိသောရေကိုရေ တိုက်ခွက်ထဲသို့ချက်ချင်းသွန်ချပြီးလျှင် သူ ၏ကုလားအုတ်အားလုံးတို့ကိုရေတိုက်ပြီး သည်အထိရေတွင်းမှရေကိုအလျင်အမြန် ခပ်သယ်ပေးသည်။- 21 ထိုအစေခံသည်လည်းထာဝရဘုရားကသူ့ အားထမြောက်အောင်မြင်ခွင့်ပေးမည်၊ မပေး မည်ကိုသိနိုင်ရန်စောင့်ကြည့်နေလေသည်။
22 မိန်းမပျိုသည်ကုလားအုတ်များကိုရေတိုက် ပြီးသောအခါ ထိုသူသည်အချိန်ငါးမူးရှိ သောရွှေနှာဆွဲနှင့်အကျပ်တစ်ဆယ်အချိန် ရှိသောရွှေလက်ကောက်တစ်ရံကိုသူ့အားဝတ် ဆင်ပေးပြီးလျှင် သင်သည်မည်သူ၏သမီး ဖြစ်သည်ကိုသိပါရစေ။- 23 သင်၏ဖခင်အိမ်တွင်ကျွန်ုပ်နှင့်ကျွန်ုပ်၏အဖော် တို့ညတည်းခိုရန်နေရာရှိပါသလော'' ဟုမေး လေ၏။
24 ``ကျွန်မသည်နာခေါ်နှင့်မိလခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါ၏။- 25 ကျွန်မတို့၏အိမ်တွင်တိရစ္ဆာန်များအတွက် ကောက်ရိုးနှင့်အစာများစွာရှိပါသည်။ သင် တို့တည်းခိုရန်နေရာလည်းရှိပါသည်'' ဟု ဖြေကြားလေသည်။
26 ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊- 27 ``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။
28 မိန်းမပျိုသည်လည်းသူ၏မိခင်နေအိမ်သို့ ပြေး၍ အကြောင်းအရာအကုန်အစင်ကို ပြောပြလေ၏။- 29 ရေဗက္ကတွင်လာဗန်ဟုနာမည်တွင်သောမောင် ရှိ၏။ သူသည်ထိုသူရှိရာရေတွင်းသို့ပြေး လေ၏။- 30 လာဗန်သည်နှမတွင်နှာဆွဲတန်ဆာနှင့်လက် ကောက်များဝတ်ဆင်ထားသည်ကိုမြင်သည့်ပြင် ထိုသူကနှမအားပြောပြသမျှကိုလည်း ကြားရ၏။ သို့ဖြစ်၍သူသည်ရေတွင်းနားတွင် ကုလားအုတ်တို့အနီး၌ရပ်နေသောအာဗြ ဟံ၏အစေခံထံသို့သွား၍၊- 31 ``ထာဝရဘုရားထံမှကောင်းချီးမင်္ဂလာခံ ရသောသူ၊ ကျွန်ုပ်၏အိမ်သို့ကြွပါ။ ဤနေရာ တွင်အဘယ်ကြောင့်ရပ်နေပါသနည်း။ ကျွန်ုပ် ၏အိမ်တွင်သင်တည်းခိုရန်အခန်းကိုအသင့် ပြင်ပြီးပါပြီ။ သင်၏ကုလားအုတ်များနေ စရာလည်းရှိပါသည်'' ဟုခေါ်ဖိတ်လေသည်။
32 သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။- 33 သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။
လာဗန်က``ပြောပါ'' ဟုဆို၏။- 34 ထိုသူက``ကျွန်ုပ်သည်အာဗြဟံ၏အစေခံ ဖြစ်ပါသည်။- 35 ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။- 36 ကျွန်ုပ်သခင်၏မယားစာရာသည်အရွယ်အို မှသားတစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ကျွန်ုပ် ၏သခင်သည်ထိုသားအားမိမိပိုင်ဆိုင်သမျှ တို့ကိုပေးအပ်ထားပါသည်။- 37 သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။- 38 ငါ့အဖအမျိုးသားများဖြစ်သောငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍ ငါ့သားအတွက် မယားကိုရှာရမည်' မှာကြားပါသည်။ ထိုမှာ ကြားချက်ကိုနာခံပါမည်ဟုကတိသစ္စာခံစေ ပါသည်။- 39 ထိုအခါကျွန်ုပ်က`အကယ်၍အမျိုးသမီးက ကျွန်ုပ်နှင့်မလိုက်လိုဟုဆိုသော်မည်သို့ပြုလုပ် ရပါမည်နည်း' ဟုသခင်အားမေးသော်၊- 40 သခင်က`ငါအမြဲရိုသေနာခံသောထာဝရ ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင်နှင့် အတူစေလွှတ်၍သင့်အားအောင်မြင်မှုကိုပေး တော်မူမည်။ သင်သည်ငါ၏အမျိုးသားချင်း ဖြစ်သောငါ့အဖမိသားစုထဲမှ ငါ့သား အတွက်မယားကိုရှာယူခဲ့ရမည်။- 41 သင်ထားသောကတိသစ္စာပျက်ပြယ်စေမည့်နည်း တစ်နည်းသာလျှင်ရှိသည်။ သင်သည်ငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍သူတို့က ငြင်းဆိုလျှင် သင်ထားသောကတိသစ္စာပျက် ပြယ်စေ' ဟုဖြေကြားပါ၏။
42 ``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။- 43 ယခုရေတွင်းသို့ရောက်ရှိပါပြီ။ မိန်းမပျိုတစ် ဦးရေခပ်လာသောအခါသူ့အား`ရေတစ်ပေါက် လောက်သောက်ပါရစေ' ဟုတောင်းပါမည်။- 44 အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။- 45 စိတ်ထဲ၌ထိုကဲ့သို့ဆုတောင်း၍မပြီးမီ ရေဗက္ကသည် ပခုံးပေါ်တွင်ရေခရားတင်လျက် ရေခပ်ရန်ရေတွင်းသို့လာပါသည်။ ကျွန်ုပ်ကသူ့ အား`ရေတစ်ပေါက်လောက်သောက်ပါရစေ' ဟု တောင်း၏။- 46 သူသည်ပခုံးပေါ်မှခရားကိုအလျင်အမြန် ချလျက်`သောက်ပါ၊ သင်၏ကုလားအုတ်များကို လည်းရေတိုက်ပါမည်' ဟုဆိုပါသည်။ ထိုကြောင့် ကျွန်ုပ်ရေသောက်ရပါ၏။ သူကကုလားအုတ် များကိုလည်းရေတိုက်ပေးပါ၏။- 47 ကျွန်ုပ်က`သင်သည်မည်သူ၏သမီးဖြစ်သနည်း' ဟုမေးသော်သူက`ကျွန်မသည်နာခေါ်နှင့်မိလ ခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါသည်' ဟုဖြေပါသည်။ ထိုအခါကျွန်ုပ်သည်သူ၏နှာ ခေါင်းတွင်နှာဆွဲကိုလည်းကောင်း၊ လက်တွင်လက် ကောက်များကိုလည်းကောင်းဝတ်ဆင်ပေးပါ သည်။- 48 ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။- 49 သင်တို့သည်ကျွန်ုပ်၏သခင်အတွက်ကရုဏာ ပြတော်မူလျက်သစ္စာကတိအတိုင်းဆောင်ရွက် နိုင်မည်၊ မဆောင်ရွက်နိုင်မည်ကိုသိပါရစေ။ မဆောင်ရွက်နိုင်ဟုဆိုလျှင်လည်းသိပါရစေ။ သို့မှသာကျွန်ုပ်မည်ကဲ့သို့ဆက်လက်ဆောင်ရွက် ရမည်ကိုဆုံးဖြတ်နိုင်ပါမည်'' ဟုပြောလေ၏။
50 လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။- 51 သင့်ရှေ့တွင်ရေဗက္ကရှိပါ၏။ သူ့ကိုခေါ်ဆောင် သွားပါလော့။ ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်အတိုင်းသူ့အားသင့်သခင် သား၏မယားအဖြစ်ခေါ်ဆောင်သွားပါ လော့'' ဟုဖြေကြ၏။- 52 အာဗြဟံ၏အစေခံသည်ထိုစကားကို ကြားရလျှင် ထာဝရဘုရားအားဦးညွှတ် ရှိခိုးလေသည်။- 53 ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
54 ထိုနောက်အာဗြဟံ၏အစေခံနှင့် အဖော်တို့ သည်စားသောက်ကြပြီးလျှင် ထိုအိမ်၌ညအိပ် ၍နံနက်အိပ်ရာမှနိုးကြသောအခါ အာဗြဟံ ၏အစေခံက``သခင်ထံသို့ပြန်ပါရစေ'' ဟု ပန်ကြား၏။
55 ထိုအခါရေဗက္က၏မောင်နှင့်မိခင်တို့က``မိန်း ကလေးအားကျွန်ုပ်တို့နှင့်အတူဆယ်ရက်ခန့် မျှနေစေပြီးမှသွားပါ'' ဟုဆိုကြ၏။
56 ထိုသူက``ကျွန်ုပ်ကိုမတားပါနှင့်။ ထာဝရ ဘုရားသည်ကျွန်ုပ်လာရသောကိစ္စကိုထမြောက် အောင်မြင်စေတော်မူပြီဖြစ်၍သခင့်ထံသို့ ပြန်ပါရစေ'' ဟုပြန်ပြော၏။
57 တစ်ဖန်သူတို့က``မိန်းကလေးကိုခေါ်၍သူ ၏သဘောကိုမေးကြည့်ကြပါစို့'' ဟုပြော ကြ၏။- 58 သူတို့သည်ရေဗက္ကကိုခေါ်၍``သင်သည်ဤသူ နှင့်အတူလိုက်သွားလိုသလော'' ဟုမေး၏။
``လိုက်သွားပါမည်'' ဟုဖြေကြားသဖြင့်၊
59 ရေဗက္ကနှင့်သူ၏အထိန်းကိုအာဗြဟံ၏ အစေခံလူစုနှင့်အတူလိုက်ပါသွားစေ ကြ၏။- 60 သူတို့က၊
``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။
သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍
ရေဗက္ကအားကောင်းချီးပေးကြ၏။
61 ထိုနောက်ရေဗက္ကနှင့်သူ၏ကျွန်မများတို့သည် ကုလားအုတ်များကိုစီး၍ အာဗြဟံ၏အစေ ခံနှင့်အတူလိုက်ပါသွားကြလေသည်။
62 ဣဇာက်သည်``ငါ့ကိုမြင်တော်မူသည့်အသက်ရှင် တော်မူသောအရှင်၏ရေတွင်း'' ဟူသောနာမည် ရှိရာတောကန္တာရသို့ရောက်လာ၍ ခါနာန်ပြည် တောင်ပိုင်းတွင်နေထိုင်လျက်ရှိ၏။- 63 ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။- 64 ရေဗက္ကသည်ဣဇာက်ကိုမြင်လျှင်ကုလားအုတ် ပေါ်မှဆင်း၍၊- 65 ``လယ်ကွင်းထဲ၌ကျွန်ုပ်တို့ထံသို့လာနေသူ ကားမည်သူပါနည်း'' ဟုအာဗြဟံ၏အစေ ခံအားမေးလေ၏။
``ကျွန်ုပ်၏သခင်ဖြစ်ပါသည်'' ဟုဖြေလျှင် ရေဗက္ကသည်ပုဝါကိုယူ၍မျက်နှာကိုဖုံးလိုက်၏။
66 အစေခံကလည်းမိမိဆောင်ရွက်ခဲ့သမျှကို ဣဇာက်အားအကုန်အစင်ပြောပြလေ၏။- 67 ထိုနောက်ဣဇာက်သည်မိမိ၏အမိစာရာနေ ထိုင်ခဲ့သောတဲထဲသို့ရေဗက္ကကိုခေါ်ဆောင် သွား၍အကြင်လင်မယားဖြစ်လာကြ၏။ ဣဇာက်သည်ရေဗက္ကကိုချစ်မြတ်နိုး၏။ ထို့ ကြောင့်သူ၏မိခင်ကွယ်လွန်၍ဝမ်းနည်း ကြေကွဲရာမှစိတ်သက်သာရာရလေသည်။