ယော​န​ဝတ္ထု
နိ​ဒါန်း
ယော​န​ဝတ္ထု​သည်​သမ္မာ​ကျမ်း​စာ​တော်​တွင်​ပါ​ရှိ​သည့်​အ​ခြား​ပ​ရော​ဖက်​ကျမ်း​များ​နှင့်​မ​တူ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​ကျမ်း​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ ပ​ရော​ဖက်​တစ်​ပါး​၏​တွေ့​ကြုံ​ခံ​စား​မှု​များ​ကို​ပုံ​ဝတ္ထု​သွား​ဖြင့်​ရေး​သား​ဖော်​ပြ​ထား​ခြင်း​ကြောင့်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​ယော​န​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​ရန်​ငြိုး​ကြီး​သော​အာ​ရှု​ရိ​ဧ​က​ရာဇ်​နိုင်​ငံ​၏​မြို့​တော်​နိ​နေ​ဝေ​မြို့​သို့​သွား​ရန်​အ​မိန့်​ပေး​တော်​မူ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ထို​မြို့​ကို​အ​ပြစ်​ဒဏ်​ပေး​မည်​ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​နား​လည်​သ​ဘော​ပေါက်​သ​ဖြင့် ယော​န​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​ကြေ​ညာ​ရန်​ထို​မြို့​သို့​မ​သွား​လို​ပေ။ သူ​သည်​စိတ်​ဝင်​စား​ဖွယ်​ကောင်း​သော​အ​ဖြစ်​အ​ပျက်​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​စိတ်​ပါ​လက်​ပါ​မ​ရှိ​ဘဲ​နာ​ခံ​လိုက်​လေ​သည်။ သို့​ရာ​တွင်​နောက်​ဆုံး​၌​သူ​ကြေ​ညာ​ခဲ့​သည့်​အ​တိုင်း​နိ​နေ​ဝေ​မြို့​သူ​မြို့​သား​တို့​အ​ပြစ်​ဒဏ်​မ​ခံ​ရ​သော​အ​ခါ သူ​သည်​စိတ်​ကောက်​လျက်​နေ​၏။
ဤ​ကျမ်း​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​တို့​ကို အ​ကြွင်း​မဲ့​ပိုင်​သ​အုပ်​စိုး​သော​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း​ကို​ပေါ်​လွင်​စေ​သည်။ ဤ​ကျမ်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မေတ္တာ​က​ရု​ဏာ​တော်​အ​ရှင်​အ​ဖြစ်​ဖြင့်​ရှင်း​လင်း​ပြတ်​သား​စွာ​သ​ရုပ်​ပေါ်​အောင်​ဖော်​ပြ​သည်။ ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ဣ​သ​ရေ​လ​လူ​မျိုး​၏​ရန်​သူ​များ​အား​သေ​ကြေ​ပျက်​စီး​စေ​မည့်​အ​စား​အ​ပြစ်​ဖြေ​လွှတ်​လျက်​ကယ်​တော်​မူ​သည့်​အ​ရှင်​ဖြစ်​တော်​မူ​ပေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ယော​န​အား​ရွေး​ကောက်​ခေါ်​ယူ​တော်​မူ​ခြင်း​နှင့်​မ​နာ​ခံ​ခြင်း ၁:၁-၁၇
ယော​န​နောင်​တ​ရ​ခြင်း​နှင့်​ချမ်း​သာ​ရာ​ရ​ခြင်း ၂:၁-၁၀
နိ​နေ​ဝေ​မြို့​အား​ယော​န​ဟော​ပြော​ခြင်း​၃:၁-၁၀
နိ​နေ​ဝေ​မြို့​အ​ပေါ်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ၄:၁-၁၁
1
ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို​မ​နာ​ခံ​သူ​ယော​န
တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။- ၄ရာ၊ ၁၄:၂၅။ ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။- သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။
သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။- သင်္ဘော​သား​တို့​သည်​ကြောက်​လန့်​လျက် မိ​မိ​တို့​ယုံ​ကြည်​ကြ​သော​ဘု​ရား​များ​ထံ​သို့​သူ​တို့​အား ကယ်​တင်​ပါ​ရန်​ဆု​တောင်း​ကြ​၏။ ထို​နောက်​သင်္ဘော​ဝန်​ပေါ့​စေ​ရန် ကုန်​စည်​များ​ကို​ရေ​ထဲ​သို့​ပစ်​ချ​ကြ​၏။ ထို​အ​ချိန်​တွင်​ယော​န​သည်​သင်္ဘော​ဝမ်း​ထဲ​သို့​ဆင်း​၍​အိပ်​ပျော်​လျက်​နေ​၏။
ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။- သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။- 10 ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ်​ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။
သင်္ဘော​သား​တို့သည်​ကြောက်​လန့်​ကြ​ကုန်​လျက် ``သင်​ပြု​သည့်​အ​မှု​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။- 11 ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
12 ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။
13 သို့​ရာ​တွင်​သင်္ဘော​သား​တို့​သည်​ယော​န​အား​ပင်​လယ်​ထဲ​သို့​ပစ်​ချ​မည့်​အ​စား သင်္ဘော​ကို​ကမ်း​ဘက်​သို့​ရောက်​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လှော်​ခတ်​ကြ​၏။ သို့​သော်​လည်း​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပြင်း​ထန်​၍​လာ​သ​ဖြင့် သူ​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်​ကြ​တော့​ချေ။- 14 ထို​အ​ခါ​သင်္ဘော​သား​များ​က​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​အ​သက်​ဆုံး​ရှုံး​ရ​သည့်​အ​တွက် အ​ကျွန်ုပ်​တို့​အား​သေ​ဒဏ်​ခတ်​တော်​မ​မူ​ပါ​ရန်​ပန်​ကြား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​သည်​အ​လို​တော်​အ​ရ​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။- 15 ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။- 16 ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။
17 ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။ မ၊ ၁၂:၄၀။

1:1 ၄ရာ၊ ၁၄:၂၅။

1:17 မ၊ ၁၂:၄၀။