12
ဟန်ဆောင်မှုနှင့်ပတ်သက်၍သတိပေးခြင်း
(မ၊ ၁၀:၂၆-၂၇)
1 ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-✡မ၊ ၁၆:၆။ မာ၊ ၈:၁၅။ 2 ဖုံးအုပ်ထားသည့်အရာဟူသမျှသည်ပွင့် လာရလိမ့်မည်။ လျှို့ဝှက်ချက်ဟူသမျှသည် လည်းပေါ်လာရလိမ့်မည်။-✡မာ၊ ၄:၂၂။ လု၊ ၈:၁၇။ 3 သို့ဖြစ်၍မှောင်မိုက်တွင်သင်တို့ပြောသောစကား များကိုအလင်းတွင်လူတို့ကြားသိကြလိမ့် မည်။ အိမ်အတွင်းခန်းတွင်သင်တို့တီးတိုးပြော ဆိုသောစကားများကိုအိမ်ခေါင်မိုးထက်မှ ကြွေးကြော်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကြောက်သင့်သူ
(မ၊ ၁၀:၂၈-၃၁)
4 ``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။- 5 သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။
6 ``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။- 7 သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။
ခရစ်တော်ကိုအရှင်သခင်အဖြစ်ဝန်ခံခြင်းနှင့် ငြင်းဆိုခြင်း
(မ၊ ၁၀:၃၂-၃၃၊ ၁၂:၃၂၊ ၁၀:၁၉-၂၀)
8 ``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။- 9 ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
10 ``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။✡မ၊ ၁၂:၃၂။ မာ၊ ၃:၂၉။
11 ``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-✡မ၊ ၁၀:၁၉-၂၀။ မာ၊ ၁၃:၁၁။ လု၊ ၂၁:၁၄-၁၅။ 12 သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူဌေးမိုက်ပုံဥပမာ
13 ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်အားအမွေခွဲဝေပေးရန်အစ်ကိုဖြစ် သူကိုအမိန့်ရှိတော်မူပါ'' ဟုကိုယ်တော်အား လျှောက်ထား၏။
14 ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။- 15 ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
16 ထိုနောက်ကိုယ်တော်သည်ပုံဥပမာကိုဆောင် ၍ ``သူဌေးတစ်ဦးသည် မိမိ၏လယ်ယာမှ အသီးအနှံများစွာထွက်သဖြင့်၊- 17 `ငါ၏လယ်ယာထွက်သီးနှံများကိုသိုထား ရန်နေရာမရှိ။ ငါသည်အဘယ်သို့ပြုရ အံ့နည်း' ဟု တစ်ကိုယ်တည်းတွေးတောလျက် နေ၏။- 18 ထိုနောက် `ငါဤသို့ပြုမည်။ ကျီဟောင်းများ ကိုဖျက်၍ ပိုမိုကြီးမားသောကျီသစ်များ ကိုတည်ဆောက်မည်။ ငါ၏ဂျုံစပါးနှင့်အခြား ပစ္စည်းဥစ္စာများကို ထိုကျီသစ်ကြီးများတွင် သိုမှီးထားမည်။- 19 ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။- 20 သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
21 ``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။
ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်း
(မ၊ ၆:၂၅-၃၄)
22 ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။- 23 အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။- 24 ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။- 25 သင်တို့တွင်အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ၏အသက်ကိုနှစ်အနည်း ငယ်မျှပို၍ရှည်စေနိုင်သနည်း။- 26 ဤသို့သေးငယ်သောအမှုကိုမတတ်နိုင်လျှင် အဘယ်ကြောင့်အခြားအမှုများအတွက် စိုးရိမ်နေကြသနည်း။- 27 တောနှင်းပန်းပင်များကိုကြည့်ရှုဆင်ခြင် ကြလော့။ ထိုပန်းပင်တို့သည်ဗိုင်းမငင်၊ ယက် ကန်းလည်းမရက်၊ သို့ရာတွင်ဘုန်းကြီးသော ရှောလမုန်မင်းကြီးပင်လျှင် ထိုပန်းများ ကဲ့သို့မဝတ်မဆင်နိုင်ဟုသင်တို့အား ငါဆို၏။-✡၃ရာ၊ ၁၀:၄-၇။ ၆ရာ၊ ၉:၃-၆။ 28 ယုံကြည်ကိုးစားခြင်းနည်းပါးသူတို့၊ ယနေ့ ကွင်းထဲတွင်ရှိ၍နက်ဖြန်မီးဖိုထဲသို့ရောက် ရသောတောမြက်ကို ဘုရားသခင်သည်ဤသို့ ဝတ်ဆင်ပေးလျှင် သင်တို့အားထိုထက်မက ဝတ်ဆင်ပေးမည်မဟုတ်လော။''
29 ``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။- 30 ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။- 31 သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ သို့ပြုလျှင်ထိုအရာများကို လည်းသင်တို့အားပေးတော်မူလိမ့်မည်။
ကောင်းကင်ဘဏ္ဍာ
(မ၊ ၆:၁၉-၂၁)
32 ``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။- 33 သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။- 34 အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာ သို့ သင်တို့စိတ်သည်လည်းရောက်တတ်သော ကြောင့်ဖြစ်၏။''
သတိနှင့်စောင့်နေသောအစေခံများ
35 ``သင်တို့သည်အဆင်သင့်ဖြစ်ရန်ခါးကိုစည်း လျက်မီးခွက်များကိုထွန်းညှိထားကြလော့။-✡မ၊ ၂၅:၁-၁၃။ 36 မင်္ဂလာဆောင်မှပြန်လာသောမိမိတို့၏သခင် သည်တံခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပေး ရန်စောင့်မျှော်နေကြသောအစေခံများကဲ့ သို့ဖြစ်ကြလော့။-✡မာ၊ ၁၃:၃၄-၃၆။ 37 အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။- 38 သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။- 39 အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန် ကိုသာသိရလျှင် မိမိအိမ်ကိုသူခိုးအဖောက် ခံလိမ့်မည်မဟုတ်ကြောင်းမှတ်ထားကြလော့။-✡မ၊ ၂၄:၄၃-၄၄။ 40 လူသားသည်သင်တို့မမျှော်လင့်သည့်အချိန် ၌ကြွလာမည်ဖြစ်၍သင်တို့အသင့်ရှိနေကြ လော့'' ဟုမိန့်တော်မူ၏။
သစ္စာရှိသောအစေခံနှင့်သစ္စာမဲ့သောအစေခံ
(မ၊ ၂၄:၄၅-၅၁)
41 ပေတရုက ``အရှင်၊ ဤပုံဥပမာကိုအကျွန်ုပ် တို့အတွက်မိန့်တော်မူပါသလော။ သို့တည်း မဟုတ်လူခပ်သိမ်းတို့အတွက်လော'' ဟု မေးလျှောက်၏။
42 သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။- 43 တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်သည်ကိုအိမ်ရှင် ပြန်လာချိန်၌တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။- 44 အမှန်အကန်သင်တို့အားငါဆိုသည်ကား အိမ်ရှင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန် ထိုအစေခံအားအပ်နှင်းလိမ့်မည်။- 45 သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။- 46 ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။
47 ``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။- 48 သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။
သခင်ယေရှုသည် စိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေသည်
(မ၊ ၁၀:၃၄-၃၆)
49 ``ငါသည်ဤလောကကိုမီးလောင်စေရန်လာ ၏။ ယခုပင်မီးလောင်စေချင်လှပြီ။- 50 ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-✡မာ၊ ၁၀:၃၈။ 51 ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန် ငါလာသည်ဟုထင်ကြသလော။ ယင်းသို့မဟုတ်။ လူတို့အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် သာလျှင်ငါလာသတည်း။- 52 ယခုမှစ၍လူငါးယောက်ရှိသည့်အိမ်ထောင် တွင်နှစ်ယောက်ကတစ်ဖက်၊ သုံးယောက်က တစ်ဖက်စိတ်ဝမ်းကွဲပြားကြလိမ့်မည်။- 53 ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။✡မိ၊ ၇:၆။
ခေတ်ကာလကိုသိခြင်း
(မ၊ ၁၆:၂-၃)
54 ထိုနောက်ကိုယ်တော်က ``အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးရွာလိမ့် မည်ဟုသင်တို့ချက်ချင်းပြောတတ်ကြ၏။ သင် တို့ပြောသည့်အတိုင်းလည်းဖြစ်တတ်၏။- 55 တောင်လေလာသည်ကိုမြင်သော်နေပူလိမ့်မည် ဟုပြောတတ်ကြ၏။ သင်တို့ပြောသည့်အတိုင်း လည်းဖြစ်တတ်၏။- 56 ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။''
တရားတွေ့ဘက်နှင့်ကြေအေးအောင်ပြုအပ်ခြင်း
(မ၊ ၅:၂၅-၂၆)
57 ``မှန်ကန်သည့်အမှုကိုပြုရန်အဘယ်ကြောင့် သင်တို့ကိုယ်တိုင်မဆုံးဖြတ်ကြသနည်း။- 58 သင်၏တရားတွေ့ဘက်နှင့်အတူ တရား သူကြီးထံကိုသွားရာလမ်းတွင်ကျေအေး အောင်စေ့စပ်လော့။ ထိုသို့မပြုပါမူ သူသည် သင့်အားတရားသူကြီး၏ရှေ့သို့ဆွဲခေါ် သွားလိမ့်မည်။ တရားသူကြီးသည် သင့်အား မင်းမှုထမ်းလက်သို့ပေးအပ်လိုက်လိမ့်မည်။ မင်းမှုထမ်းသည်လည်းသင့်အားထောင်ချ ထားလိမ့်မည်။- 59 အကြွေးအကုန်ပြေလည်အောင်မဆပ်မချင်း သင်သည်ထောင်မှထွက်ရလိမ့်မည်မဟုတ်ဟု ငါဆို၏'' ဟူ၍ပရိသတ်သင်တို့အားမိန့် တော်မူ၏။