78
ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​လူ​စု​တော်15 * ဟေ​ဗြဲ​ခေါင်း​စဉ်။ အာ​သပ်​စပ်​ဆို​သော​ဆာ​လံ။
ငါ​၏​အ​မျိုး​သား​တို့၊ငါ​၏​သွန်​သင်​ချက်​ကို နား​ထောင်​ကြ​လော့။
ငါ​ပြော​သည့်​စ​ကား​ကို​အာ​ရုံ​စိုက်​ကြ​လော့။
ဘိုး​ဘေး​တို့​ပြော​ကြား​ခဲ့​သ​ဖြင့်​ငါ​တို့
ကြား​သိ​ရ​သည့်
အ​တိတ်​ကာ​လ​မှ​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​များ​အ​ကြောင်း​ကို
သင်​တို့​အား​ငါ​စ​ကား​ပုံ​များ​ဖြင့်​ရှင်း ပြ​မည်။ မ၊ ၁၃:၃၅။
ယင်း​တို့​ကို​ငါ​တို့​သည်​သား​မြေး​များ​ထံ​မှ ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်။
ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​နှင့်​ကြီး​မြတ်​သော
အ​မှု​တော်​ကို​လည်း​ကောင်း၊ကိုယ်​တော်​ပြု​တော်​မူ​သော
အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​လည်း​ကောင်း နောက်​လူ​မျိုး​ဆက်​အား​ဖော်​ပြ​မည်။
 
ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဥ​ပ​ဒေ​များ​ကို​လည်း​ကောင်း၊
ယာ​ကုပ်​အ​မျိုး​အ​နွယ်​တို့​အား​ပ​ညတ်​တော် များ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​ခဲ့​၏။
ပ​ညတ်​တော်​များ​ကို​သား​မြေး​တို့​အား တစ်​ဆင့်​သွန်​သင်​ပေး​နိုင်​ကြ​ရန်
ကိုယ်​တော်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​အား မှာ​ကြား​ဆင့်​ဆို​တော်​မူ​၏။
ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက်
မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။
ဤ​နည်း​အား​ဖြင့်​ယင်း​သား​မြေး​တို့​သည် ဘု​ရား​သ​ခင်​ကို​ကိုး​စား​လာ​ကာ
ကိုယ်​တော်​ပြု​သော​အ​မှု​အ​ရာ​တို့​ကို
မ​မေ့​မ​လျော့​ဘဲ​ပ​ညတ်​တော်​တို့​ကို​အ​စဉ် စောင့်​ထိန်း​ကြ​ပေ​လိမ့်​မည်။
သူ​တို့​သည်​ဘု​ရား​စ​ကား​ကို​နား​မ​ထောင်​ဘဲ
ပုန်​ကန်​တတ်​သော​ဘိုး​ဘေး​တို့​ကဲ့​သို့​မ​ဖြစ် တော့​ပေ။
ထို​ဘိုး​ဘေး​တို့​ကား​အ​ဘယ်​အ​ခါ​က​မျှ
ဘု​ရား​သ​ခင်​ကို​စွဲ​မြဲ​စွာ​ကိုး​စား​မှု​မ​ရှိ ခဲ့​ကြ။
ကိုယ်​တော်​၏​အ​ပေါ်​၌​လည်း​အ​စဉ်​အ​မြဲ သစ္စာ​မ​စောင့်​ကြ။
 
လေး​မြား​ကို​ကိုင်​စွဲ​တိုက်​ခိုက်​ကြ​သော
ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌ ထွက်​ပြေး​ကြ​ကုန်​၏။
10 သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​ထား​သည့် ပ​ဋိ​ညာဉ်​ကို​မ​စောင့်​ထိန်း​ကြ။
ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​ကို​လိုက်​နာ​ရန် ငြင်း​ဆန်​ကြ​၏။
11 သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊
ကိုယ်​တော်​ပြု​တော်​မူ​သော​ထူး​ဆန်း​သည့်
နိ​မိတ်​လက္ခ​ဏာ​များ​ကို​လည်း​ကောင်း​မေ့​လျော့ ကြ​လေ​ကုန်​ပြီ။
12 အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​သူ​တို့​၏ ဘိုး​ဘေး​တို့​၏​မျက်​မှောက်​၌
ထာ​ဝ​ရ​ဘု​ရား​သည်​ထူး​ဆန်း​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​၏။ ထွ၊ ၇:၈-၁၂:၃၂။
13 ကိုယ်​တော်​သည်​ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍
ရေ​ကို​စု​ပုံ​စေ​ပြီး​လျှင်​သူ​တို့​အား ဖြတ်​ကူး​စေ​တော်​မူ​၏။ ထွ၊ ၁၄:၂၁:၂၂။
14 နေ့​အ​ချိန်​၌​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက် အား​ဖြင့်​လည်း​ကောင်း၊
တစ်​ည​ပတ်​လုံး​မီး​အ​လင်း​ရောင်
အား​ဖြင့်​လည်း​ကောင်း​သူ​တို့​အား​လမ်း​ပြ ပို့​ဆောင်​တော်​မူ​၏။ ထွ၊ ၁၃:၂၁-၂၂။
15 ကိုယ်​တော်​သည်​တော​ကန္တာ​ရ​တွင်
ကျောက်​ဆောင်​ကို​ခွဲ​၍​နက်​ရှိုင်း​ရာ​မှ​ရေ​ကို ထို​သူ​တို့​အား​တိုက်​တော်​မူ​၏။
16 ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ
စမ်း​ရေ​ထွက်​စေ​လျက်​မြစ်​သ​ဖွယ် စီး​ဆင်း​စေ​တော်​မူ​၏။ ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။
 
17 သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ပြစ်​မှား​မြဲ​ပြစ်​မှား​လျက်
အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​ကို သဲ​ကန္တာ​ရ​တွင်​ပုန်​ကန်​ကြ​၏။
18 သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို
တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။ ထွ၊ ၁၆:၂-၁၅။ တော၊ ၁၁:၄-၂၃၊ ၃၁-၃၅။
19 ``ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​တွင်​ငါ​တို့​အား အ​စား​အ​စာ​ကို​ပေး​နိုင်​ပါ​မည်​လော။
20 ကျောက်​ဆောင်​ကို​ကိုယ်​တော်​ရိုက်​လိုက်​သော အ​ခါ
အ​ရှိန်​ပြင်း​သည့်​ချောင်း​သ​ဖွယ်​ရေ​ထွက်​လာ သည်​မှာ မှန်​ပါ​၏။
သို့​ရာ​တွင်​ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စား​အ​စာ​ကို ကျွေး​နိုင်​ပါ​မည်​လော။
မိ​မိ​၏​လူ​စု​တော်​အား​အ​မဲ​သား​ကို​ပေး​နိုင် ပါ​မည်​လော'' ဟု​ဆို​၍
ဘု​ရား​သ​ခင်​အား​မ​ကျေ​နပ်​သည့်​စ​ကား​ကို ပြော​ဆို​ကြ​၏။
21-22 ထို​သူ​တို့​၏​စ​ကား​ကို​ကြား​တော်​မူ​သော​အ​ခါ
ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ မိ​မိ​လူ​စု​တော်​အား​မီး​ဘေး​သင့်​စေ​တော်​မူ​၏။
သူ​တို့​သည်​ကိုယ်​တော်​ကို​အား​မ​ကိုး။
ကိုယ်​တော်​ကယ်​တော်​မူ​မည်​ကို​လည်း​မ​ယုံ ကြည်​ကြ။
အ​မျက်​တော်​သည်​ပို​မို​ပြင်း​ထန်​လာ​၏။
23 သို့​သော်​လည်း​ကိုယ်​တော်​သည်​အ​ထက် ကောင်း​ကင်​အား​မိန့်​မြွက်​တော်​မူ​၏။
ကောင်း​ကင်​တံ​ခါး​များ​အား​ဖွင့်​ရန် အ​မိန့်​ပေး​တော်​မူ​၏။
24 ကိုယ်​တော်​သည်​သူ​တို့​စား​ရန်​မန္န​မုန့်​မိုး​ရွာ​စေ တော်​မူ​၏။
သူ​တို့​စား​သုံး​ရန်​ကောင်း​ကင်​မှ​ဆန်​စ​ပါး​ကို ချ​ပေး​တော်​မူ​၏။ ယော၊ ၆:၃၁။
25 ထို့​ကြောင့်​သူ​တို့​သည်​ကောင်း​ကင်​တ​မန်​တို့​၏ အ​စား​အ​စာ​ကို​စား​ကြ​ရ​၏။
ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ဝ​ကျွေး​တော်​မူ​၏။
26 ထို့​အ​ပြင်​ကိုယ်​တော်​သည်
အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။
27 ထို​နောက်​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​သော​ငှက်​တို့​ကို
မိ​မိ​၏​လူ​စု​တော်​အား​ချ​ပေး​တော်​မူ​၏။
28 ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။
29 သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။
ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။
30 သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။
31 ဘု​ရား​သ​ခင်​သည်​သူ​တို့​အား
အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံး
လက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။
 
32 ဤ​အ​ဖြစ်​အ​ပျက်​အ​ပေါင်း​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း လူ​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး​လျက်​နေ​ကြ​၏။
ကိုယ်​တော်​သည်​ထူး​ဆန်း​သော
နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ကိုး​စား​ကြ။
33 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား
ထွက်​သက်​ဝင်​သက်​တ​မျှ​တစ်​ခ​ဏ​ချင်း​၌ အ​သက်​ဆုံး​ရှုံး​စေ​တော်​မူ​၏။
သူ​တို့​၏​ဘ​ဝ​ကို​ရုတ်​တ​ရက်​ကျ​ရောက်​သည့် ဘေး​အန္တ​ရာယ်​ကြောင့်​နိ​ဂုံး​ချုပ်​စေ​တော်​မူ​၏။
34 သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်း
ကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။
သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။
35 ဘု​ရား​သ​ခင်​သည်​မိ​မိ​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော
ကျောက်​တောင်​သ​ဖွယ်​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​သည်
မိ​မိ​တို့​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း​သူ​တို့​သည်​သ​တိ​ရ​ကြ​ကုန်​၏။
36 သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​အား​နှုတ်​ဖြင့် မြှောက်​ပင့်​ပြော​ဆို​၍
လျှာ​ဖြင့်​လိမ်​လည်​လျှောက်​ထား​ကြ​၏။
37 သူ​တို့​သည်​ကိုယ်​တော်​အား​သစ္စာ​မ​စောင့်​ကြ။
ကိုယ်​တော်​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​လည်း မ​စောင့်​မ​ထိန်း။ တ၊ ၈:၂၁။
 
38 သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​အား က​ရု​ဏာ​ထား​တော်​မူ​၏။
သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ။
ကိုယ်​တော်​သည်​ကြိမ်​ဖန်​များ​စွာ​မိ​မိ​၏​ဒေါ​သ​ကို ချုပ်​တည်း​တော်​မူ​၍
သူ​တို့​ပေါ်​တွင်​အ​မျက်​မ​ထွက်​ဘဲ​နေ​တော် မူ​၏။
39 ထို​သူ​တို့​ကား​လူ​သား​များ​သာ​ဖြစ်​ကြောင်း၊ အ​နီး​မှ​ဖြတ်​၍​တိုက်​ကာ
ပျောက်​ကွယ်​သွား​တတ်​သော​လေ​ကဲ့​သို့ ဖြစ်​ကြောင်း​ကို​သ​တိ​ရ​တော်​မူ​၏။
 
40 သူ​တို့​သည်​တော​ကန္တာ​ရ​တွင်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​အား​ပုန်​ကန်​ခဲ့​ကြ​၏။
ကြိမ်​ဖန်​များ​စွာ​ကိုယ်​တော်​အား​စိတ်​မ​ချမ်း​မ​သာ ဖြစ်​စေ​ခဲ့​ကြ​ပါ​သည်​တ​ကား။
41 သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အား
သွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော
ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။
 
42-43 သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း
မိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှ
ကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊
အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်
ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။
44 အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​မ​သောက်​မ​သုံး နိုင်​ကြ​စေ​ရန်
ချောင်း​များ​မြစ်​များ​မှ​ရေ​တို့​ကို​ကိုယ်​တော် သည် သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​၏။ ထွ၊ ၇:၁၇-၂၁။
45 ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊
သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့်
ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။ ထွ၊ ၈:၂၀-၂၄၊ ၈:၁-၆။
46 သူ​တို့​၏​ကောက်​ပဲ​သီး​နှံ​များ​ကို​စား​ပစ်​ရန်​နှင့်
လယ်​ယာ​များ​ကို​ဖျက်​ဆီး​ပစ်​ရန်​နှံ​ကောင်​များ​ကို စေ​လွှတ်​တော်​မူ​၏။ ထွ၊ ၁၀:၁၂-၁၅။
47 သူ​တို့​၏​စ​ပျစ်​နွယ်​များ​ကို​မိုး​သီး​အား​ဖြင့် လည်း​ကောင်း၊
သ​ဖန်း​ပင်​များ​ကို​ဆီး​နှင်း​ခဲ​အား​ဖြင့်​လည်း​ကောင်း ဖျက်​ဆီး​ပစ်​တော်​မူ​၏။
48 သူ​တို့​၏​ကျွဲ​နွား​တိ​ရစ္ဆာန်​များ​ကို မိုး​သီး​အား​ဖြင့်​လည်း​ကောင်း၊
သိုး​အုပ်​ဆိတ်​အုပ်​များ​ကို​မိုး​ကြိုး အား​ဖြင့်​လည်း​ကောင်း​ဖျက်​ဆီး​ပစ်​တော်​မူ​၏။ ထွ၊ ၉:၂၂-၂၅။
49 ကိုယ်​တော်​သည်​သူ​တို့​အား​ပြင်း​ထန်​သော အ​မျက်​တော်​ထွက်​တော်​မူ​၏။
အ​မျက်​တော်​သည်​သေ​မင်း​၏​တ​မန်​များ​သ​ဖွယ် သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။
50 ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။
ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။
သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။
51 ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု​အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ ထွ၊ ၁၂:၂၉။
 
52 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို
သိုး​ထိန်း​သ​ဖွယ်​ရှေ့​ဆောင်​ကာ​တော​ကန္တာ​ရ​ကို ဖြတ်​၍​ပို့​ဆောင်​တော်​မူ​၏။ ထွ၊ ၁၃:၁၇-၂၂။
53 ကိုယ်​တော်​သည်​သူ​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ
ပို့​ဆောင်​တော်​မူ​သည်​ဖြစ်​၍​သူ​တို့​သည် မ​ကြောက်​မ​လန့်​ကြ။
သို့​ရာ​တွင်​ပင်​လယ်​ရေ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို လွှမ်း​မိုး​လေ​၏။ ထွ၊ ၁၄:၂၆-၂၈။
54 ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ပြည်​တော်​သို့​လည်း​ကောင်း၊
ကိုယ်​တော်​တိုင်​သိမ်း​ပိုက်​တော်​မူ​ခဲ့​သည့်
တောင်​တော်​သို့​လည်း​ကောင်း​ပို့​ဆောင်​တော် မူ​၏။ ထွ၊ ၁၅:၁၇။ ယောရှု၊ ၃:၁၄-၁၇။
55 မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ
ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။
ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင်
ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။ ယောရှု၊ ၁၁:၁၆-၂၃။
 
56 သို့​ရာ​တွင်​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​အား​ပုန်​ကန်​၍​သွေး​စမ်း​ကြ​၏။
သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​ကို မ​စောင့်​မ​ထိန်း​ကြ။ သူကြီး၊ ၂:၁၁-၁၅။
57 မိ​မိ​တို့​ဘိုး​ဘေး​များ​နည်း​တူ​သစ္စာ​ဖောက်​၍ ပုန်​ကန်​ကြ​၏။
သူ​တို့​ကား​လေး​မှ​ပစ်​ထုတ်​လိုက်​သည့်
လိမ်​ကောက်​နေ​သော​မြား​သ​ဖွယ်​စိတ်​မ​ချ​ရ သူ​များ​ဖြစ်​၏။
58 သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ
ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။
ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။
59 မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ
ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။
60 ငါ​တို့​တွင်​ကိန်း​ဝပ်​တော်​မူ​ရာ​ရှိ​လော​မြို့​ရှိ တဲ​တော်​ကို ကိုယ်​တော်​သည်​စွန့်​ပစ်​တော်​မူ​၏။ ယော​ရှု၊ ၁၈:၁။ ယေ၊ ၇:၁၂-၁၄၊ ၂၆:၆။
61 တန်​ခိုး​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော်​အ​ထိမ်း အ​မှတ် ဖြစ်​သော​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း
ရန်​သူ​တို့​အား​သိမ်း​ယူ​ခွင့်​ပြု​တော်​မူ​၏။ ၁ရာ၊ ၄:၄-၂၂။
62 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်
သူ​တို့​ကို​သတ်​ဖြတ်​ရန်​ရန်​သူ​တို့​အား အ​ခွင့် ပေး​တော်​မူ​၏။
63 ငယ်​ရွယ်​သူ​အ​မျိုး​သား​တို့​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကုန်​သ​ဖြင့်​ငယ်​ရွယ်​သူ
အ​မျိုး​သ​မီး​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​တော့​ပေ။
64 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဋ္ဌား​ဘေး​ဖြင့် သေ​ဆုံး​သွား​ကြ​ကုန်​၏။
သူ​တို့​၏​မု​ဆိုး​မ​များ​သည်​ငို​ကြွေး​မြည်​တမ်း​ခွင့် မ​ရ​ကြ။
 
65 နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​ရာ​မှ နိုး​ထ​သူ​ကဲ့​သို့​လည်း​ကောင်း
စ​ပျစ်​ရည်​အ​ရှိန်​ဖြင့်​စိတ်​တက်​ကြွ​လာ​သော သူ​ရဲ​ကဲ့​သို့​လည်း​ကောင်း​နိုး​ထ​တော်​မူ​၏။
66 မိ​မိ​၏​ရန်​သူ​များ​ကို​ထာ​ဝ​စဉ်​အ​ရှက်​ကွဲ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။
67 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယော​သပ်​၏​သား​မြေး တို့​ကို ပစ်​ပယ်​တော်​မူ​၏။
ဧ​ဖ​ရိမ်​အ​မျိုး​အ​နွယ်​ကို​ရွေး​ချယ်​တော်​မ​မူ။
68 သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊
ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့်
ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။
69 ထို​တောင်​တော်​ပေါ်​တွင်​ကောင်း​ကင်​ဘုံ​ရှိ​အိမ်​တော်​နှင့် တူ​သော​ဗိ​မာန်​တော်​ကို​တည်​ဆောက်​တော်​မူ​၏။
ထို​ဗိ​မာန်​တော်​ကို​ကမ္ဘာ​မြေ​ကြီး​ကဲ့​သို့ ကာ​လ​ခပ်​သိမ်း​တည်​တံ့​ခိုင်​မြဲ​စေ​တော်​မူ​၏။
 
70-71 ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ရွေး​ချယ်​တော်​မူ​၏။
သိုး​များ​ကို​ထိန်း​ကျောင်း​ရာ​မှ​သူ့​ကို​ခေါ်​ယူ တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရင်၊
ဘု​ရား​သ​ခင်​လူ​စု​တော်​ကို​စောင့်​ထိန်း​သော သိုး​ထိန်း​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ၁ရာ၊ ၁၆:၁၁-၁၂။ ၁ရာ၊ ၇:၈။ ၅ရာ၊ ၁၇:၇။
72 ဒါ​ဝိဒ်​မင်း​သည်​သိုး​ထိန်း​အ​ဖြစ်​နှင့်​ထို​သူ​တို့​အား ကိုယ်​ကျိုး​စွန့်​ကာ​စောင့်​ရှောက်​ကြည့်​ရှု​၍
လိမ္မာ​ကျွမ်း​ကျင်​စွာ​ရှေ့​ဆောင်​လမ်းပြ​လေ​သည်။

15^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ အာ​သပ်​စပ်​ဆို​သော​ဆာ​လံ။

78:3 မ၊ ၁၃:၃၅။

78:12 ထွ၊ ၇:၈-၁၂:၃၂။

78:13 ထွ၊ ၁၄:၂၁:၂၂။

78:14 ထွ၊ ၁၃:၂၁-၂၂။

78:16 ထွ၊ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။

78:18 ထွ၊ ၁၆:၂-၁၅။ တော၊ ၁၁:၄-၂၃၊ ၃၁-၃၅။

78:24 ယော၊ ၆:၃၁။

78:37 တ၊ ၈:၂၁။

78:44 ထွ၊ ၇:၁၇-၂၁။

78:45 ထွ၊ ၈:၂၀-၂၄၊ ၈:၁-၆။

78:46 ထွ၊ ၁၀:၁၂-၁၅။

78:48 ထွ၊ ၉:၂၂-၂၅။

78:51 ထွ၊ ၁၂:၂၉။

78:52 ထွ၊ ၁၃:၁၇-၂၂။

78:53 ထွ၊ ၁၄:၂၆-၂၈။

78:54 ထွ၊ ၁၅:၁၇။ ယောရှု၊ ၃:၁၄-၁၇။

78:55 ယောရှု၊ ၁၁:၁၆-၂၃။

78:56 သူကြီး၊ ၂:၁၁-၁၅။

78:60 ယော​ရှု၊ ၁၈:၁။ ယေ၊ ၇:၁၂-၁၄၊ ၂၆:၆။

78:61 ၁ရာ၊ ၄:၄-၂၂။

78:70-71 ၁ရာ၊ ၁၆:၁၁-၁၂။ ၁ရာ၊ ၇:၈။ ၅ရာ၊ ၁၇:၇။