92
ထော​မ​နာ​သီ​ချင်း10 * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဥ​ပုသ်​နေ့​အ​တွက်​သီ​ချင်း။
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ခြင်း​သည်​လည်း​ကောင်း၊
အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊
ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ သီ​ချင်း ကူး​အေး​ရ​ခြင်း​သည်​လည်း​ကောင်း၊
2-3 ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့်
နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍
ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို
ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သော
အ​မှု​တော်​များ​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​မြောက်​ရွှင်​လန်း​စေ​ပါ​၏။
ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​များ​ကြောင့်
ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။
 
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​သည် ကြီး​မြတ်​လှ​ပါ​၏။
ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​သည်​လည်း နက်​နဲ​လှ​ပါ​၏။
လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။
ထို​အ​ရာ​ကား၊သူ​ယုတ်​မာ​တို့​သည်​ပေါင်း​ပင်​များ သ​ဖွယ် ကြီး​ပွား​တိုး​တက်​၍
မ​ကောင်း​မှု​ပြု​သူ​တို့​သည်​ကောင်း​စား​ကြ​သော်​လည်း
ထို​သူ​တို့​သည်​လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ကြ​ရ​မည်​ဖြစ်​၏။
အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သော​ကိုယ်​တော်​ရှင်​သည်
ထာ​ဝ​စဉ်​အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင် ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။
 
ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သေ​ကြေ​ပျက်​စီး ရ​ကြ​မည်​ကို​လည်း​ကောင်း၊
သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်
အ​ရေး​ရှုံး​နိမ့်​ရ​ကြ​မည်​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​သိ​ပါ​၏။
10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။
ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။
11 ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။
သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။
 
12 သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။
သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။
13-14 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင်​စိုက်​ပျိုး​၍
ငါ​တို့​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​စိမ်း​လန်း စို​ပြေ​လျက်​နေ​သည့်​သစ်​ပင်​များ​နှင့်​တူ​ကြ​၏။
ထို​သစ်​ပင်​တို့​သည်​အ​သက်​အို​ချိန်​၌​ပင်​လျှင်
အ​သီး​များ​သီး​၍​အ​စဉ်​အ​မြဲ​စိမ်း​လန်း သန်​မာ​လျက်​ရှိ​ကြ​၏။
15 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား
မျှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း
ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်​သည်​ကောင်း​မြတ်
စုံ​လင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​သည်။

10^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဥ​ပုသ်​နေ့​အ​တွက်​သီ​ချင်း။