7
ထိမ်းမြားစုံဖက်ခြင်းသာဋ္ဌက
1 ညီအစ်ကိုတို့၊ သင်တို့သည်တရားဥပဒေ များအကြောင်းကိုသိထားသူများဖြစ်၍ ငါ ယခုပြောဆိုမည့်အကြောင်းအရာကိုနား လည်ကြလိမ့်မည်။ လူသည်အသက်ရှင်လျက် နေသမျှကာလပတ်လုံးတရားဥပဒေ များ၏အာဏာစက်အောက်တွင်ရှိ၏။- 2 ဥပမာပေးရသော်အိမ်ထောင်သည်အမျိုး သမီးတစ်ယောက်သည် မိမိ၏ခင်ပွန်းအသက် ရှင်စဉ်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတရား ဥပဒေအောက်တွင်နေရ၏။- 3 သို့ဖြစ်၍သူသည်မိမိခင်ပွန်းအသက်ရှင်လျက် ရှိစဉ်အခြားလူတစ်ယောက်နှင့်ပေါင်းသင်းနေ ထိုင်ပါမူ မျောက်မထားသူဟုအခေါ်ခံရမည် ဖြစ်သော်လည်း ခင်ပွန်းသေဆုံးလျှင်မူကား တရားဥပဒေနှင့်ကင်းလွတ်သွားပြီဖြစ်၍ အခြားလူတစ်ယောက်နှင့်ထိမ်းမြားစုံဖက်လျှင် မျောက်မထားသူမဖြစ်တော့ပေ။- 4 ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။- 5 ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။- 6 ပညတ်တရားသည်အခါတစ်ပါးကငါတို့ အားချုပ်နှောင်ခဲ့၏။ ယင်းသို့ချုပ်နှောင်ခြင်းခံရ သောဘဝကိုစွန့်လွှတ်ခဲ့ပြီဖြစ်၍ ယခုအခါ မှာမူငါတို့သည်ပညတ်တရား၏လက်အောက် မှလွတ်မြောက်ကြပြီ။ ယခုအခါ၌ငါတို့ သည်အက္ခရာတင်ထားသည့်တရားဥပဒေ လမ်းစဉ်ဟောင်းအရမဟုတ်တော့ဘဲ ဝိညာဉ် တော်၏လမ်းစဉ်သစ်အရအမှုဆောင်ရွက် ကြပေသည်။
ပညတ်တရားနှင့်အပြစ်တရား
7 သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-✡ထွ၊ ၂၀:၁၇။ တရား၊ ၅:၂၁။ 8 အပြစ်တရားသည်ငါတို့အားထိုပညတ် တော်ကိုသတိရစေကာ ငါတို့၏စိတ်အတွင်း ၌တစ်ကိုယ်ကောင်းကြံစည်မှုအမျိုးမျိုးတို့ ကိုဖြစ်ပေါ်စေ၏။ တရားဥပဒေသာမရှိ လျှင်အပြစ်တရားသည်သေလျက်နေ၏။- 9 ငါသည်တရားဥပဒေနှင့်ကင်းလျက်အသက် ရှင်ခဲ့သည့်အချိန်ရှိခဲ့ဖူး၏။ သို့သော်ပညတ် တော်ကိုငါသိရှိလာသည်နှင့်တစ်ပြိုင်နက် အပြစ်တရားသည်ရှင်သန်လာ၏။- 10 ထို့နောက်ငါသည်သေရ၏။ ငါ့အားအသက်ရှင် စေရန်ပေးအပ်သည့်ပညတ်တော်ကပင်လျှင် ငါ၏အသက်ကိုသေစေလေသည်။- 11 အပြစ်တရားသည်အခွင့်ရကာပညတ်တော် အားဖြင့် ငါ့ကိုလှည့်စား၍ငါ့အားသေစေ ၏။ ✡က၊ ၃:၁၃။
12 ထို့ကြောင့်ပညတ်တရားသည်မြင့်မြတ်သန့်ရှင်း ၏။ ပညတ်တော်သည်လည်းမြင့်မြတ်သန့်ရှင်း မှန်ကန်ကောင်းမြတ်၏။- 13 သို့ဖြစ်လျှင်ကောင်းမြတ်သည့်အရာကငါ့အား သေစေသလော။ မသေစေနိုင်ရာ။ ငါ့အားသေစေ သောအရာမှာအပြစ်တရားဖြစ်ပေသည်။ အပြစ် တရားသည် ၎င်း၏ပင်ကိုသဘောသဘာဝကို ပေါ်လွင်ထင်ရှားစေရန် ကောင်းမြတ်သည့်အရာ ကိုအသုံးပြု၍ငါ့ကိုသေစေခြင်းသာဖြစ်၏။ သို့ဖြစ်၍အပြစ်တရားသည်မည်မျှဆိုးရွား ကြောင်းကိုပညတ်တော်အားဖြင့်သိရ၏။
လူစိတ်အတွင်းရှိသဘောတရားနှစ်ရပ်
14 ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။- 15 မိမိကိုယ်တိုင်ပြုသည့်အမှုကိုပင်နားမလည်။ အဘယ်ကြောင့်ဆိုသော်မိမိပြုကျင့်လိုသည့် အတိုင်းမပြုကျင့်ဘဲ မိမိရွံမုန်းသည့်အမှု ကိုသာပြုသောကြောင့်ဖြစ်၏။-✡က၊ ၅:၁၇။ 16 ငါသည်မိမိမပြုကျင့်လိုသောအမှုကိုပြု ကျင့်၏။ သို့ဖြစ်၍ပညတ်တရားမှန်ကန်ကြောင်း ကိုငါဝန်ခံ၏။- 17 ထို့ကြောင့်ငါပြုသောအမှုကိုပြုသောသူသည် စင်စစ်အားဖြင့်ငါမဟုတ်၊ ငါ၏စိတ်နှလုံး အတွင်း၌ရှင်သန်လျက်ရှိသည့်အပြစ်တရား ပင်ဖြစ်ပေသည်။- 18 ငါ၏လူ့ဇာတိ၌ကောင်းသောအရာမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော်ငါ့မှာအကျင့် ကောင်းကို ပြုကျင့်လိုသောစိတ်ရှိသော်လည်းပြု ကျင့်နိုင်စွမ်းကားမရှိသောကြောင့်ဖြစ်၏။- 19 ငါသည်အကျင့်ကောင်းကိုပြုကျင့်လိုသော်လည်း မပြုကျင့်ဘဲမကျင့်လိုသောအကျင့်ဆိုးကို သာကျင့်၏။- 20 မိမိမကျင့်လိုသောအကျင့်ကိုကျင့်သောသူ ကားငါမဟုတ်၊ ငါ၏စိတ်နှလုံးအတွင်း၌ရှင် သန်လျက်ရှိသောအပြစ်တရားပင်ဖြစ်၏။
21 သို့ဖြစ်၍ငါတွေ့ရှိရသောသဘောတရားမှာ ငါသည်အကျင့်ကောင်းကိုကျင့်လိုသောအခါ အကျင့်ဆိုးကိုသာကျင့်နိုင်ခြင်းဖြစ်သည်။- 22 ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။- 23 သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။- 24 သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။- 25 ငါတို့အရှင်သခင်ယေရှုခရစ်အားဖြင့်ကယ် ဆယ်တော်မူသောဘုရားသခင်၏ကျေးဇူး တော်သည်ကြီးလှစွတကား။
အချုပ်အားဖြင့်ငါ၏ဖြစ်ရပ်ကိုဖော်ပြရသော် ငါသည်စိတ်အားဖြင့် ဘုရားသခင်၏တရားတော် အောက်အစေခံသော်လည်းဇာတိသဘောအား ဖြင့်အပြစ်တရားအောက်အစေခံ၏။