49
လူမျိုးတကာတို့အတွက်အလင်း
1 တိုင်းတစ်ပါးမှလူမျိုးအပေါင်းတို့၊ ရပ်ဝေးတွင် နေထိုင်သောလူတို့၊
ငါပြောသည်ကိုသင်တို့နားထောင်ကြလော့။
ငါမမွေးမဖွားမီအခါကပင်လျှင်
ထာဝရဘုရားသည်ငါ့ကိုရွေးကောက်တော်မူ၍၊ မိမိ၏အစေခံအဖြစ်ဖြင့်ခန့်ထားတော်မူပါ၏။
2 ကိုယ်တော်သည်ငါ၏နှုတ်ကိုဋ္ဌားကဲ့သို့ထက်မြက် စေ၍၊
လက်တော်ဖြင့်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူပါ၏။
ကိုယ်တော်သည်ချွန်မြ၍အသုံးပြုရန်အသင့်ရှိသည့် မြားကဲ့သို့ငါ့ကိုဖြစ်စေတော်မူ၍၊
3 ငါ့အားကိုယ်တော်က``အို ဣသရေလ၊သင်သည် ငါ၏အစေခံဖြစ်၏။
သင်၏အတွက်ကြောင့်လူတို့သည်၊ငါ့ကို ထောမနာပြုကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
4 ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊
မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက်
အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။
သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန်
ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။
ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။
5 အမိဝမ်းတွင်ရှိစဉ်အခါကပင်လျှင်၊ငါ့အား ထာဝရဘုရားသည်ရွေးချယ်ထားတော်မူပါ၏။
ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ပြန်လည်ခေါ်ဆောင်လာစေရန်၊
ပျံ့လွင့်လျက်ရှိသည့်ဣသရေလအမျိုးသား တို့အား ပြန်လည်ခေါ်ဆောင်လာစေရန်
အစေခံအဖြစ်ဖြင့်ငါကိုခန့်ထားတော်မူပါ၏။
ထာဝရဘုရားသည်ငါ့ကိုဂုဏ်ပြုတော်မူ၍ ငါ့ခွန်အား၏အရင်းအမြစ်ဖြစ်တော်မူ၏။
6 ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊
သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။
မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက
ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန်
ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
7 လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊
မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊
``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။
မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။''
အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊
ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊
သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ခြင်း
8 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား
``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊
ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။
ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။
သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။
ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊
တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
9 အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊
မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။
သူတို့သည်တောင်ကုန်းများပေါ်တွင်ပင်
ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
10 သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။
သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊
နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။
ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
11 ``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။
ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
12 ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊
တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13 အို မိုးကောင်းကင်၊သီချင်းဆိုလော့။
အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။
တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။
ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
14 သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က
``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။
ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။
15 ထာဝရဘုရားက
``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။
မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။
မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊
ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
16 အို ယေရုရှလင်မြို့၊ငါသည်သင့်ကိုအဘယ်အခါ ၌မျှ မမေ့မလျော့နိုင်။
ငါ၏လက်ဝါးတွင်သင်၏နာမည်ကို ရေးမှတ်၍ထားလေပြီ။
17 ``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။
သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။
18 သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။
သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။
ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊
သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့်
မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏
အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
19 ``သင်၏ပြည်သည်ယိုယွင်းပျက်စီးကာလူသူ ဆိတ်ငြိမ်လျက်နေခဲ့၏။
သို့ရာတွင်ယခုအခါလာရောက်နေထိုင်ကြမည့် သူများအတွက်
ထိုပြည်သည်ကျဉ်းလျက်ပင်နေလိမ့်မည်။
သင့်အားယိုယွင်းပျက်စီးစေသူတို့မူကား၊ ရပ်ဝေးသို့ရောက်ရှိနေကြလိမ့်မည်။
20 ပြည်နယ်ဒဏ်သင့်ရာတွင်မွေးဖွားခဲ့သည့်
သင်၏အမျိုးသားတို့သည်တစ်နေ့သောအခါ၌ သင့်အား`ဤပြည်သည်ငယ်လွန်းပါ၏။
ငါတို့နေထိုင်ရန်နေရာထပ်၍လိုပါသည်' ဟုဆိုကြလိမ့်မည်။
21 ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊
`ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။
ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။
ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့်
ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။
ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။
ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။
22 ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား
``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊
သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
23 ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊
မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။
သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။
ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။
ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
24 ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။
မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။
25 ထာဝရဘုရားက၊
``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။
စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။
မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။
ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။
26 ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား
အချင်းချင်းသတ်ဖြတ်စေမည်။
ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊
ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။
ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို
သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။