ယေရမိအနာဂတ္တိကျမ်း
နိဒါန်း
ပရောဖက်ယေရမိသည်ခရစ်တော်မပေါ် ထွန်းမီခုနစ်ရာစုနှစ်နောက်ပိုင်းနှင့် ခြောက် ရာစုနှစ်ရှေ့ပိုင်းကာလတွင်ကြာမြင့်စွာ အမှုတော်ဆောင်ခဲ့သည်။ ဘုရားသခင်၏ လူမျိုးတော်အားမိမိတို့၏ရုပ်တုကိုးကွယ် မှုနှင့်အပြစ်များကြောင့် မိမိတို့နိုင်ငံ အပေါ်သို့ရုတ်တရက်ကျရောက်မည့်ဘေး ဒုက္ခကြီးနှင့်သက်ဆိုင်၍သတိပေးသည်။ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာလက် အောက်သို့ယေရုရှလင်မြို့ကျဆုံးသွား ခြင်းနှင့်၊ ယေရုရှလင်မြို့နှင့်ဗိမာန်တော် ဖျက်ဆီးခံရခြင်းဖြင့် ယုဒရှင်ဘုရင် နှင့်တကွလူအများသည်ဗာဗုလုန် နိုင်ငံသို့ခေါ်ဆောင်သွားခြင်းခံရမှုဖြင့် လည်ကောင်း၊ မိမိ၏ကြိုတင်ဟောကြား သည့်အတိုင်းအမှန်ပင်ဖြစ်လာကြောင်း ကိုသူသည်အသက်ရှင်၍မြင်ခွင့်ရခဲ့ သည်။ ယေရမိကဣသရေလပြည်သား တို့သည်နောက်ဆုံး၌တိုင်းတစ်ပါးမှပြန် လာရ၍ နိုင်ငံကိုပြန်လည်တည်ထောင်မည် ဖြစ်ကြောင်းကိုလည်းကြိုတင်ပြောကြား ခဲ့သည်။
ယေရမိအနာဂတ္တိကျမ်းကိုအောက်ပါ အပိုင်းများအလိုက်ခွဲခြားနိုင်သည်။ (၁) ယေရမိအားရွေးကောက်ခေါ်ယူတော်မူ ခြင်း။ (၂) ယောရှိ၊ ယောယကိမ်၊ ယေခေါနိနှင့် ဇေဒကိမင်းတို့အုပ်စိုးနေစဉ်အချိန်ကာလ များအတွင်းယုဒနိုင်ငံတော်ကြီးနှင့်အုပ် ချုပ်သူများအတွက်ဘုရားသခင်၏ထံမှ ဗျာဒိတ်တော် (၃) ယေရမိအသက်ရှင်စဉ် ကာလအတွင်းပရောဖက်ပြုချက်အမျိုး မျိုးနှင့်အရေးကြီးသောအဖြစ်အပျက် များပါဝင်သည့်ယေရမိ၏အတွင်းရေး မှူးဗာရုတ်၏ကိုယ်ရေးမှတ်တမ်းများထဲ မှအချက်အလက်များ (၄) ထာဝရဘုရား ထံမှအခြားနိုင်ငံများနှင့်သက်ဆိုင်သော ဗျာဒိတ်တော် (၅) ယေရုရှလင်မြို့ကျဆုံးမည့် အကြောင်းနှင့်ဗာဗုလုန်သို့ပြည်နှင်ဒဏ်ခံ ရမည့်သူများအကြောင်းဖော်ပြထား သည့်သမိုင်းကြောင်းနောက်ဆက်တွဲ။
ယေရမိသည်စိတ်ထိခိုက်လွယ်သောသူဖြစ် သည်။ မိမိ၏လူမျိုးကိုသူသည်လွန်စွာချစ် ၍၊ ထိုသူတို့အပေါ်သို့တရားစီရင်ချက် ကြေငြာရခြင်းကိုမပြုလိုသူဖြစ်သည်။ ဘုရားသခင်သည်သူ့အားပရောဖက် အဖြစ်ခေါ်ယူတော်မူခြင်းကြောင့် သူခံ စားရသောခံစားချက်များအတွက်စိတ် ထိခိုက်စွာပြောဆိုခဲ့ကြောင်းကိုကျမ်းပိုဒ် များထဲ၌တွေ့ရ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်သူ၏စိတ်နှလုံးထဲ ၌မီးကဲ့သို့ဖြစ်၍ ထိုအရာကိုထိန်းသိမ်း ထားခြင်းငှာမတတ်နိုင်ခဲ့ပေ။
ဤစာအုပ်ထဲ၌ယေရမိ၏ခက်ခဲသောဒုက္ခ ကာလကိုကျော်လွန်၍ ပဋိညာဉ်တော်သစ်ရ ရှိမည့်အချိန်ကာလကိုညွှန်ပြထားသည့် စကားလုံးကြီးများပါဝင်ပေသည်။ ထို ပဋိညာဉ်တော်သစ်ကိုလိုက်နာရန်အတွက် ဘုရားသခင်၏လူမျိုးတော်အားသတိ ပေးရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် ထိုပဋိညာဉ်တော်သစ်သည် ထိုသူတို့၏စိတ် နှလုံး၌ရေးသားထားမည်ဖြစ်သောကြောင့် တည်း။ (၃၁:၃၁-၃၄)
အကြောင်းအရာအကျဉ်းချုပ်
ယေရမိအားခေါ်ယူတော်မူခြင်း ၁:၁-၁၉
ယောရှိ၊ ယောယကိမ်၊ ယေခေါနိနှင့်ဇေဒကိမင်းများ
အုပ်စိုးစဉ်ကာလအတွင်းဟောကြားချက်များ ၂:၁-၂၅:၃၈
ယေရမိတွေ့ကြုံသည့် အဖြစ်အပျက်များ ၂၆:၁-၄၅:၅
နိုင်ငံကြီးများကိုဆန့်ကျင်လျက် ဟောကြားချက်များ ၄၆:၁-၅၁:၆၄
ယေရုရှလင်မြို့ကျဆုံးခြင်း ၅၂:၁-၃၄
1
1 ဤကျမ်းစာတွင် ယေရမိမြွက်ဟပြောဆို ချက်တို့ကိုဖော်ပြထားလေသည်။ သူသည် ဗင်္ယာမိန်နယ်မြေ၊ အာနသုတ်မြို့ရှိယဇ်ပုရော ဟိတ်တစ်ပါးဖြစ်သူဟိလခိ၏သားဖြစ် သည်။-
2 ယောရှိ၏သားယုဒဘုရင်အာမုန် နန်းစံ တစ်ဆယ့်သုံးနှစ်မြောက်၌ ထာဝရဘုရား သည်ယေရမိကိုဗျာဒိတ်ပေးတော်မူ၏။-
3 ထာဝရဘုရားသည်ယောရှိ၏သားယောယ ကိမ်မင်းလက်ထက်၌လည်း သူ့ကိုတစ်ဖန်ဗျာ ဒိတ်ပေးတော်မူပြန်၏။ ထိုနောက်ကိုယ်တော်သည် ယောရှိ၏သားဇေဒကိနန်းစံတစ်ဆယ့်တစ် နှစ်မြောက်၊ ပဉ္စမလ၌ယေရုရှလင်မြို့သား တို့ပြည်နှင်ဒဏ်သင့်ချိန်တိုင်အောင် အကြိမ် ပေါင်းများစွာသူ့အားဗျာဒိတ်တော်များ ကိုပေးတော်မူလေသည်။
ယေရမိကိုရွေးကောက်ခေါ်ယူတော်မူခြင်း
4-5 ထာဝရဘုရားက``ငါသည်သင့်အားဇီဝ အသက်ကိုမပေးမီရွေးချယ်၍သင်မမွေး ဖွားမီကပင် သီးသန့်သတ်မှတ်ကာလူမျိုး တကာတို့၏ပရောဖက်အဖြစ်ခန့်ထား ခဲ့၏'' ဟုငါ့ကိုမိန့်တော်မူသောအခါ၊
6 ငါက``အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး သည်အသက်အရွယ်ငယ်လွန်းသည်ဖြစ်၍ အဘယ်သို့ဟောပြောရမည်ကိုမသိပါ'' ဟုလျှောက်ထား၏။
7 သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
8 ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
9 ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
10 လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
ရူပါရုံနှစ်ရပ်
11 ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊
ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
12 ထိုအခါထာဝရဘုရားက``သင်ပြောသည် အတိုင်းမှန်ပေ၏။ ငါသည်လည်းငါ့စကား အကောင်အထည်ဖော်သည်ကိုစောင့်ကြည့် လျက်နေ၏'' ဟုမိန့်တော်မူ၏။
13 ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊
ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
14 ကိုယ်တော်သည်ငါ့အား``ဤပြည်တွင် နေထိုင် သူအပေါင်းတို့အပေါ်သို့ မြောက်အရပ်မှ ဘေးအန္တရာယ်ဆိုက်ရောက်လာလိမ့်မည်။-
15 ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။-
16 ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။-
17 သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
18-19 ယေရမိ၊ နားထောင်လော့။ ဤနိုင်ငံရှိလူအပေါင်း တို့ဖြစ်သည့်ယုဒဘုရင်များ၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူများသည် သင့်ကို အတိုက်အခံပြုကြလိမ့်မည်။ သို့ရာတွင်သူ တို့ကိုခုခံနိုင်စွမ်းရှိအောင် သင့်ကိုယနေ့ငါ ပြုမည်။ သင်သည်ခံတပ်မြို့ကဲ့သို့လည်းကောင်း၊ သံတိုင်နှင့်ကြေးဝါနံရံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ငါသည်သင်နှင့်အတူရှိ၍သင့် ကိုကွယ်ကာစောင့်ရှောက်မည်။ သို့ဖြစ်၍သူတို့ သည်သင့်အားနှိမ်နင်းနိုင်ကြလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။